ဥတ္တရသီရိမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ဥတ္တရသီရိ ဒီဇင်ဘာ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော(၁၀၃)နှစ်‌မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာကို ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးရဲမြတ်သိန်းက ဖတ်ကြားခဲ့ပြီး အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသားသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးရဲမြတ်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)