တပ်ကုန်း ဒီဇင်ဘာ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ကြားခြင်းနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ပြည်သာနိုင် ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးနှင့်အထက်တန်းကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်ထွန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၈၀ ဦး တက်ရောက်ခဲ့ပြီး၊ အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် ဂုဏ်ပြုတင်ဆက်ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ဖတ်ကြားခဲ့သည်။
ထို့နောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး၊ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။
တင်စိုးလွင်
တပ်ကုန်းမြို့