(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ဆိပ်ကြီးခနောင်တို မြို့နယ်၌ ကျင်းပပြုလုပ်

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၇

၂၀၂၃ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အထက- ခနောင်တို) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အထက-ခနောင်တိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပြည်မြန်မာ” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမြင့်လှိုင်မှ ဖတ်ကြားသည်။

ယင်းနောက် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ အထက(ခနောင်တို)မှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော် ဖြေခဲ့ကြသည်။ အခမ်းအနားအပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခမ်းအနားတက်ရောက်လာကြသူများက ကျောင်းခန်းမတွင် ပြသထားသည့် ဆုရကျောင်းသား၊ ကျောင်းသူများ၏ စာစီစာကုံး၊ ပန်းချီ၊ ဆောင်းပါးများကို ကြည့်ရှု အားပေးခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ အခမ်းအနား တက်ရောက်လာကြသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)