မိုးညှင်းမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားနှင့် ဆုရရှိသူများအား ဆုများချီးမြှင့်

မိုးညှင်း ဒီဇင်ဘာ ၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုများချီးမြှင့်ခြင်းကို ယနေ့နံနက် (၈) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို အ.ထ.က (၁) မိုးညှင်းမှ ကျောင်းသား ကျောင်းသူများက “ဇာတိမာန်” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

ထို့နောက် ဒီဇင်ဘာလ (၅) ရက်နေ့က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မြတ်သရဖူခန်းမ၌ မြို့နယ်အဆင့်ကျင်းပခဲ့သည့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုများရရှိခဲ့ကြသော ကျောင်းသားကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အ.ထ.က (၃) မိုးညှင်းမှ ကျောင်းသားကျောင်းသူများက “ပြည်မြန်မာ”တေးသီချင်းဖြင့် အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း