ပင်းတယ ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၇ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ဆင်ခေါင်းရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ရောင်ခြည်ခန်းမ၌ ယနေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရီသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်မိုးလွင်က ဖတ်ကြားသည်။
ထို့နောက် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသပညာရေးမှူးဦးခင်ဇော်ထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်မိုးလွင်တို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဂုဏ်ပြုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းနှင့် အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဒေသ(ပြန်/ဆက်)