မန္တလေးတိုင်းဒေသကြီး ကျေးရွာစာကြည့်တိုက် ငွေပဒေသာပင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၊ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော်များ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းများ ဆွေးနွေး

မန္တလေး ဒီဇင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး ကျေးရွာစာကြည့်တိုက် ငွေပဒေသာပင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ (၆) ရက်နေ့ နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၃၀)၊ (၆၈) လမ်းရှိ တိုင်းပညာရေးမှူးရုံး သုံးထပ်ဆောင် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ကျေးရွာစာကြည့်တိုက် ငွေပဒေသာပင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်ဆက်လက်၍ တိုင်းဒေသကြီး ကျေးရွာစာကြည့်တိုက်  ငွေပဒေသာပင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက တစ်ဦးချင်း ဆွေးနွေးတင်ပြကြပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော်များ ကျင်းပပြုလုပ်နိုင်ရေးနှင့် လုပ်ငန်းဆိုင်ရာများ ညှိနှိုင်းကြသည်။

မန္တလေးတိုင်းဒေသကြီး ကျေးရွာစာကြည့်တိုက် ငွေပဒေသာပင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ပညာရေးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီး ကျေးရွာစာကြည့်တိုက် ငွေပဒေသာပင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)