လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

လယ်ဝေး ဒီဇင်ဘာ ၇

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲ (၂) နာရီက (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပသည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသားအောင်ပွဲနေ့သည် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသည့် နေ့ထူးနေ့မြတ်ဖြစ်သည့် သမိုင်းအကျဥ်းကို ကျောင်းသားကျောင်းသူလေးများအား အသိပညာပေးဟောပြောသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူ (၃) ဦး၊ မူလတန်းအဆင့် ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲတွင် ဆုရရှိသူ (၆) ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရာဇာ၊ ဦးဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးကျော်သူနှင့် မြို့နယ်ဦးစီးမှူးတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

နေရည်(ပြန်/ဆက်)