တောင်ကြီးမြို့တွင် ချယ်ရီမော်ကွန်း မဂ္ဂဇင်းမိတ်ဆက်ပွဲ ကျင်းပ

တောင်ကြီး ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ရှမ်းပြည်နယ်)မှ စီစဉ်ထုတ်ဝေသည့် ချယ်ရီမော်ကွန်းမဂ္ဂဇင်းစာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) တောင်ကြီး၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ချယ်ရီပန်းသည် ရှမ်းပြည်နယ်၏ နိုင်ငံသိအမြင့်ဆုံး သင်္ကေတ တစ်ခုဖြစ်ပါကြောင်း၊ ချယ်ရီမော်ကွန်းမဂ္ဂဇင်းမျက်နာဖုံးသည် ရှမ်းပြည်နယ်၏ အထင်ကရဖြစ်သည့် သင်္ကေတကိုပေါ်လွင်စေပြီး ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း) ကို မြင်တွေ့ရပါကြောင်း၊ သမိုင်းဝင်ပင်လုံကျောက်တိုင်သည် ရှမ်းပြည်နယ်၏ မော်ကွန်းတင်ထားသည့် မှတ်တိုင်တစ်ခုအဖြစ် ထင်ရှားနေပါကြောင်း၊ ယခုထုတ်ဝေလိုက်သည့် ချယ်ရီမော်ကွန်း မဂ္ဂဇင်းစာအုပ်သည် စီးပွားရေးအတွက် ထုတ်ဝေထားခြင်းမဟုတ်ဘဲ သုတ/ရသ စုံစုံလင်လင် ထည့်သွင်းထုတ်ဝေထားသဖြင့် စာကြည့်တိုက်များတွင် ထိန်းသိမ်းထားရမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး အနှစ်သာရပြည့်ဝသည့် စာမူအများအပြား ဖော်ပြထားသဖြင့် မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြသူများ၊ စာမူရှင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ပြောကြားပါသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက ချယ်ရီမော်ကွန်း မဂ္ဂဇင်းစာအုပ်ထုတ်ဝေခြင်းနှင့် စပ်လျဉ်း၍ မုဒိတာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း (ရှမ်းပြည်နယ်) ဥက္ကဋ္ဌ ဒေါ်မေမေနီက မဂ္ဂဇင်းစာအုပ်ထုတ်ဝေခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးမှ ပြည်နယ် ဦးစီးမှူး ဦးစိုးညွန့်ရွှေက မုဒိတာစကားပြောကြားခြင်း၊ တောင်ကြီးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခွန်စိန်ဝင်း (မောင်ခွန်နွယ်-အင်းလေး) က မုဒိတာစကားပြောကြားခြင်းတို့ ဆောင်ရွက်ကြပြီး ချယ်ရီမော်ကွန်းမဂ္ဂဇင်း စာမူရှင်များကိုယ်စား ဒေါ်ခင်မြကြီး (ခင်-တောင်ကြီး) က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ချယ်ရီမော်ကွန်းမဂ္ဂဇင်းတွင် ပါဝင်ရေးသားခဲ့ကြသည့် စာမူရှင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော် (တောင်ကြီး)