လှိုင်သာယာ(အရှေ့ပိုင်း) ဒီဇင်ဘာ ၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက် Myanmar Electronic Voting Machine (MEVM) စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် (၉) နာရီ၌ အမှတ် (၆) ရပ်ကွက် သာသနာ့ဗိမာန်သုံးထပ်ဆောင်တွင် ကျင်းပပြုလုပ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသော မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းလုပ်ငန်းများကို မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်တင်က လက်တွေ့စမ်းသပ်မဲ ပေးခြင်းနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများအား ရှင်းလင်းဆွေးနွေးသည်။ တက်ရောက်လာသူ မဲဆန္ဒရှင်ပြည်သူများမှ မြန်မာအီလက်ထရောနစ် မဲပေးစက်ကို အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးလေ့လာလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစီးအရာရှိ ဦးရဲကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေး၀န်ထမ်းများ၊ ပါတီကိုယ်စားလှယ်၀င်များ၊ ရပ်ကွက်ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း (၂၅၇) ဦး တက်ရောက်လျက်ရှိပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်းကို ဒီဇင်ဘာ (၆) ရက်နေ့နှင့် (၈) ရက်နေ့ တို့တွင်လည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)