မြစ်သားမြို့ ပြည်သူ့စာကြည့်တိုက်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်ပြပွဲ ကျင်းပ

မြစ်သား ဒီဇင်ဘာ ၇

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ‌ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ကျောင်းသား၊ ကျောင်းသူများအား နေထူးနေ့မြတ်ဖြစ်သော အမျိုးသားအောင်ပွဲနေ့ကို သိရှိစေရန်နှင့် တန်ဖိုးထားတတ်စေရန်၊ အမျိုးသားပညာရေးကြောင်းနှင့် မျိုးချစ်စိတ်ဓာတ်နိုးကြားရှင်း သန်ထက်မြတ်စေရန် ရည်ရွယ်ချက်များဖြင့် ရှင်းလင်းပြောကြားပြီး အမျိုးသားအောင်ပွဲနေ့  ဖြစ်ပေါ်လာပုံနှင့် အမျိုးသားအောင်ပွဲနေ့မှ မျိုးဆက်သစ်များ၏ အနာဂတ်များဆီသို့ ခေါင်းစဉ်ဖြင့် အသိပညာပေး‌ဟောပြောခဲ့သည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်အိအိမွန်မက  ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို  သပိတ်မှောက်ရန်  သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၏ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ဓါတ်ပုံကျွမ်းကျင်-၂ ဒေါ်ဝါဝါမြင့်မှ အမျိုးသားနေ့ မမေ့အပ်သောကဗျာနှင့် ပတ်သက်သည့်အကြောင်းကို‌ ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ပရိသတ်များက   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲ၊ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးနည်းလမ်းများအကြောင်း သိကောင်းစရာများ နံရံကပ်စာစောင်နှင့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း (ပြန်/ဆက်)