မြဝတီ ဒီဇင်ဘာ ၆
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ဘက်စုံပညာထူးချွန်ထက်မြက်စေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြဝတီမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဝါးတော)၌ ကျင်းပသည်။
ဦးစွာအခြေခံပညာအထက်တန်းကျောင်း (ဝါးတော)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးသက်က အဖွင့်အမှာစကားပြောကြားပေးပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရန် မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍသည်များစွာ အရေးပါကြောင်းနှင့် အတွေးအခေါ်မှန်ကန်စွာဖြင့် လူအများရှေ့၌ ရဲဝံ့စွာပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပေးသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပေးပြီး Grade-11 မှ မနှင်းနုဝေက လူငယ်နှင့်ရည်မှန်းချက်၊ Grade-10 မှ မောင်မိုးစက်က လူငယ်နှင့် ဆေးလိပ်အန္တရာယ်တို့ကာကွယ်၊ Grade-11 မှ မသဲဇဉ်ထွန်းဝင်းက လူငယ်နှင့် မြူခိုးမြူငွေ့၊ Grade-10မှ မောင်ဇင်ဖြိုးက လူငယ်နှင့်ဆိုရှယ်မီဒီယာအလွဲသုံးမှုသတိပြု၊ Grade-10မှ မမေမြတ်မိုးက လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြကာ တက်ရောက်သည့် ကျောင်းသား/သူများက ခေါင်းစဉ်အလိုက် သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး တာဝန်ရှိသူများက အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးသည့် ဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)