ဘားအံ ဒီဇင်ဘာ ၆
ကရင်ပြည်နယ်အမျိုးသမီးကော်မတီမှုဦးဆောင်၍ အမျိုးသမီးများအရေးပါဝင် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများပူးပေါင်းပါဝင်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလေ့ကျင့်ခန်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ဇနီးများ၊ ပြည်နယ်အမျိုးသမီး ကော်မတီဝင်များ၊ အမျိုးသမီးများအရေးတက်ကြွစွာပါဝင်ဆောင်ရွက်နေသော အဖွဲ့အစည်းများမှ အမျိုးသမီးများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ စုစုပေါင်းအင်အား ၁၀၀ ဦးခန့်သည် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ နည်းပြများနှင့်အတူ အကြောလျော့လေ့ကျင့်ခန်းများ ဆောင်ရွက်ပြီး Physical Fitness Dance Exercises လေ့ကျင့်ခန်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ကရင်ပြည်နယ်တွင် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအနေဖြင့် ၂၄ နာရီတိုင်ကြား နိုင်သော Helpline ဖုံးနံပါတ် (၁၅၆၆)အား အသိပေးသည့် Bill Board များထူ၍ကြေငြာခြင်း၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းများဆောင်ရွက်ခြင်း၊ လူစည်ကားရာအများ ပြည်သူသုံး နေရာများတွင် အမှိုက်ကောက်၊ အမှိုက်သိမ်း ကမ်ပိန်းပြုလုပ်ခြင်း၊ ကျား၊မအခြေပြု အကြမ်းဖက်မှု Gender Based Violence – GBV အကြောင်း၊ CEDAW ပါ အမျိုးသမီးအခွင့်အရေးများအကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်မှဆောင်ရွက်နေသော NSPAW (နက်စပေါ)ပါ ဧရိယာ (၁၂)ရပ်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံမှ UNSCR-1325 လက်မှတ်ရေးထိုး ထားမှုအကြောင်းများကို အသိပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)