တောင်ဥက္ကလာပ ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တိုင်းရင်းဆေးကုဌာနမှကြီးမှူး၍ (၂၂)ကြိမ်မြောက်တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုသောအားဖြင့် ကျန်းမာရေးအသိပညာဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်စောကလျာမျိုးက မြန်မာနိုင်ငံယဥ်ကျေးမှုနှင့်အမွေအနှစ်များ၏ လူ့အဖွဲ့အစည်း၏ပြောင်းလဲနေသော လိုအပ်ချက်များနှင့်လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ တိုင်းရင်းဆေးပညာမိတ်ဆက်နှင့် ဆောင်းရာသီတွင်ဖြစ်ပွားတတ်သောရောဂါများ၊ သွေးတိုး၊ ဆီးချိုရောဂါများအကြောင်းကို ကျန်းမာရေးအကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ တောင်ဥက္ကလာပမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်စောကလျာမျိုးက ကျောင်းဆရာမများထံသို့ တိုင်းရင်းဆေးများပေးအပ်လှူဒါန်းခြင်း၊ ကျောင်းသား(၂၆)ဦးနှင့် ကျောင်းသူ(၃၃)ဦး စုစုပေါင်း(၅၉)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ ဆက်)