တံတားဦး ဒီဇင်ဘာ ၆
တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာအုပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကို ယနေ့နံနက် ၁၁ နာရီအချိန်က တံတားဦးမြို့နယ် ပန်းယျကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွင် ပန်းယျကျေးရွာ အခြေခံပညာမူတန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးခိုင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အေးအေးမိုးက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဗဟုသုတရရှိရေးအတွက် ငှားရမ်း ဖတ်ရှုလေ့လာ သင့်ပါကြောင်း၊ ဒါ့အပြင် ကျောင်းသား/သူများ အဆင်ပြေစေရန်အတွက် သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံများ စီစဉ်ထားရှိပြီး စာအုပ်အသစ်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို စနစ်တကျလေ့လာမှတ်သားကြစေလို ကြာင်း ဒါ့အပြင် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ပြောကြားသည်။
ထို့နောက် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ် စာစောင်နှင့် မှတ်တမ်းဓါတ်ပုံများကို ကျောင်းသား/သူများက လေ့လာဖတ်ရှုကြပြီး Mobile စာကြည့်တိုက်ကို အခမဲ့ငှားရမ်းပေးသည် ။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူများ စာပေကို အလွယ်တကူဖတ်ရှုလေ့လာနိုင် ရေးအတွက်ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများ အရောက်လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ မည်သူမဆိုအခမဲ့ အသင်းဝင်ရောက်ပြီး အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)