ဒဂုံအရှေ့ ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာဟောပြောပွဲကို အဆိုပါကျောင်း မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဦးစီးအရာရှိဒေါ်ငုဝါအောင်မှ လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာများအား ဆွေးနွေးရာတွင် ပတ်ဝန်းကျင်၏ အဓိပ္ပာယ်များအကြောင်း၊ ကမ္ဘာ့လေထုများအကြောင်း၊ လေထုညစ်ညမ်းမှုနှင့် ၎င်း၏ဆိုးကျိုးများ၊ လေထုညစ်ညမ်းမှုအမျိုးအစားများ၊ ဆိုးကျိုးများ၊ အိမ်တွင်းလေထုညစ်ညမ်းခြင်း၊ ပြင်ပလေထုညစ်ညမ်းခြင်း၊ လေထုညစ်ညမ်းမှုဖြစ်ပေါ်လာရသည့် အကြောင်းရင်းများ၊ အဓိကညစ်ညမ်းဓာတ်ငွေ့များနှင့် လေထုညစ်ညမ်းမှု ဆိုင်ရာအချက်အလက်များ၊ လေထုအရည်အသွေးညွှန်းကိန်းများ၊ လေထုညစ်ညမ်းမှုလျှော့ချနိုင်ရန်ဆောင်ရွက်ရမည့်အချက်များအကြောင်းကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြော ကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး၊ ဒေါ်သန်းသန်းစုမှ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ဖို့ ပလတ်စတစ်အသုံးပြုမှုလျှော့ချရန် အသိပညာပေးဟောပြောရာ တစ်ခါသုံးပလတ်စတစ်များအကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် တစ်ခါသုံးပလတ်စတစ်ထုတ်လုပ်မှုအခြေအနေများ၊ ပလတ်စတစ်သုံးစွဲမှုနှင့် စွန့်ပစ်မှုအကြောင်း၊ တစ်ခါသုံး ပလတ်စတစ်စွန့်ပစ်မှုအခြေအနေများအကြောင်း၊ ပင်လယ်သမုဒ္ဒရာများအတွင်းသို့ ပလတ်စတစ်ပစ္စည်းများ ရောက်ရှိလာပုံများ၊ ပလတ်စတစ်သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သောပြဿနာများအကြောင်းဆွေးနွေး ပြောကြားခဲ့ပြီး တက်ရောက်လာသောကျောင်းသား/သူများအား မေးခွန်းများမေးမြန်းခဲ့ပြီး ဆုလာဘ်ဆောင်များ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဦးစီးအရာရှိဒေါ်ငုဝါအောင်၊ ဒုတိယဦးစီးမှူးဒေါ်သန်းသန်းစု၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ဖူးမို၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ(၂၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)