ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၁၀၃)နှစ်မြောက်အမျိုးသား‌အောင်ပွဲနေ့(အကြို) လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်

ဒဂုံတောင် ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) လူငယ်အသိပညာပေးဟောပြောပွဲကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူး‌‌ပေါင်း၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၀၇ ရပ်ကွက်၊ ငုဝါမြိုင်လမ်းရှိ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သန်းသန်း‌အေးက လူငယ်နှင့်အမျိုးသားအောင်ပွဲနေ့ခေါင်းစဉ်ဖြင့် လူငယ်များအ‌နေဖြင့် မိမိတို့နိုင်ငံ၏နေ့ထူးနေ့မြတ်များသိရှိရန်လိုအပ်ကြောင်း၊ ဗဟုသုတပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သုတ၊ ရသစာပေများဖတ်ရှုရန်လိုအပ်ကြောင်း၊ အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများဖြစ်သော ရန်ကုန်တက္ကသိုလ်အက်ဥပဒေကိုဆန့်ကျင်ကာ ကျောင်းသားများ သပိတ်မှောက်ကြခြင်းဖြစ်ကြောင်းများ၊ ယခုမိမိတို့နိုင်ငံတွင် ကျောင်းနေအရွယ်လူငယ်များအားလုံးပညာသင်ခွင့်ရရှိရေး KG+9 အထိ အခမဲ့ပညာရေး ဆောင်ရွက်ပေးနေမှုများ၊ အလယ်တန်း‌‌အောင်မြင်ပါက အသက်မွေးဝမ်းကျောင်းပညာရေးဖြစ်သော စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်းများတက်ရောက်နိုင်သည့် အခွင့်အလမ်းများအား အကျယ်တဝင့်ဆွေးနွေးဟောပြောပြီး ဉာဏ်စမ်းအမေးအဖြေများပြုလုပ်၍ အဖြေမှန်သူများအား အမှတ်တရလက်ဆောင်ချီးမြှင့်ပေးသည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာသက်ဝေမောင်က လူငယ်နှင့်စာ‌ပေ ခေါင်းစဉ်ဖြင့်  တိုင်းပြည်အတွက်ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ဗဟုသုတပြည့်စုံနေရန်လိုအပ်ကြောင်း ဗဟုသုတပြည့်စုံရန် သုတ၊ ရသစာပေများ ဖတ်ရှုရန်လိုအပ်‌ကြောင်း၊ ဖတ်ရှုသင့်သည်စာပေအမျိုးအစားများနှင့် ဖတ်ရှုရန်မသင့်သော စာပေအမျိုးစာများ၊စာဖတ်ခြင်း‌ဖြင့် အကျိုးကျေးဇူးရရှိပုံများကို အသိပညာပေးပုံပြင်လေးများဖြင့် အကျယ်တဝင့် ဟောပြောဆွေးနွေးသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုတများရရှိစေရန်အတွက် အသိပညာပေး နံရံကပ်စာစောင်များဖြစ်သည့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း၊ အမျိုးသားအောင်ပွဲနေ့အကြောင်းများနှင့် သုတရသစာအုပ်၊ စာစောင်များကို ခင်းကျင်းပြသရာ ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စား လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ကျော်စွာမိုး (ပြန်/ဆက်)