ငါန်းဇွန်မြို့ အမှတ်(၂)အ.မ.က၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များခင်းကျင်းပြသခြင်းဆောင်ရွက်

ငါန်းဇွန်   ဒီဇင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ကျောင်းသူများအား (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ သုတ ရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းဟောပြောပြီး ကျောင်းသား/သူများအား အသိဉာဏ်ပညာဖွံ့ဖြိုးဖို့၊ ဖတ်၊ မှတ်စွမ်းရည်မြင့်မားဖို့အတွက် ကာတွန်း သရုပ်ဖော်ဉမ္မာကြူ၏ “တို့ပတ်ဝန်းကျင် ချစ်ခင်ကြပါစို့” ကာတွန်းသရုပ်ဖော်စာအုပ်အား ဖတ်ရှု ဆွေးနွေးရှင်းပြသည်။ ထို့နောက် ကျောင်းသား/သူများထဲမှ အဆိုပါကာတွန်းသရုပ်ဖော်အား အစအဆုံး ပြန်လည်ရှင်းလင်းပြောပြနိုင်သူကို ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသား/သူများအား (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့် တားမြစ်ချက်များ၊ ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံစွာ ပါဝင်မှုရှိမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအကြီးတန်းစာရေး ဒေါ်မို့မို့စံက ကိုယ်လက်လှုပ်ရှား အားကစားအလေ့အကျင့်ကြောင့် ကျန်းမာရေးနှင့် အသိဉာဏ်ပညာ ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက  ကျောင်းသား၊ကျောင်းသူများအား (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများအား ပြသထားသော နံရံကပ်စာစောင်များကို  ရှင်းလင်းပြသပေးခြင်းနှင့် သုတရသစာအုပ် စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)