ပိုင်ကျုံ ဒီဇင်ဘာ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စု၊ မိုးနိုင်းကျေးရွာ မူ(လွန်) မိုးနိုင်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား/သူများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက် လှိုင်းဘွဲမြို့နယ် ဒု-ပညာရေးမှူးမှ ပညာရေးဝန်ကြီးဌာန၏ မျှော်မှန်းချက်များ၊ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ပိုင်ကျုံမြို့မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင် က ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကဏ္ဍများကိုလည်းကောင်း၊ ပိုင်ကျုံမြို့ အ-ထ-က ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျောင်းတစ်ကျောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းသား၊ မိဘ၊ ဆရာပူးပေါင်းပါဝင်မှုက အလွန်အရေးကြီးကြောင်း၊ ကျောင်းသား လူငယ်များအား လူတော်လူကောင်းဖြစ်လာအောင် ဆရာ/မများအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုသည့် ပညာရေး၏ဆောင်ပုဒ်နှင့်အညီ သွန်သင်ဆုံးမသင်ကြားရန် လိုအပ်ကြောင်း၊ ထို့သို့ဆောင်ရွက်မှသာ အမှန်တကယ် ထူးချွန်ထက်မြက်သည့် ကျောင်းသား လူငယ်များ ပေါ်ထွက်လာမည်ဖြစ်ကြောင်းနှင့် မိဘအနေဖြင့်ကိုယ့်ဒေသ၏ စာသင်ကျောင်း ဒီထက်မက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ရန်လိုအပ်ကြောင်းကို အသီးသီးအမှာစကားပြောကြားပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အောင်မြင်စွာဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား တာဝန်ရှိသူများတို့မှဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မူ(လွန်)မိုးနိုင်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက အခမ်းအနားတွင် တက်ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များကို သရုပ်ဖော်တေးသီချင်းများဖြင့် ကပြဖျော် ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)