ချမ်းအေးသာစံ ဒီဇင်ဘာ ၆
အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေနဲ့ ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်းပြည့်ဝမှု၊ ဉာဏ်ပညာထက်မြတ်မှု၊ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှု၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေး၊ နှုတ်မှုစွမ်းရည် တိုးတက်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်း လူငယ်လူရွယ်များ ဖြစ်ပေါ်စေရန် ရည်ရွယ်ကာ ချမ်းအေးသာစံမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန အမှတ်(၁၀) အခြေခံ ပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျောင်းခန်းမဆောင်တွင် ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းတွင် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း တာဝန်ခံ ဆရာမကြီးက ဒေါ်တင်မာခင်က အဖွင့်အမှာစကား ပြောကြားပြီး ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင် ဦးဆောင်ကာ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသားကျောင်းသူများက လူငယ်လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် အားလပ်ချိန်အသုံးချမှု၊ လူငယ်နှင့်အားကစား စသည့်ကဏ္ဍများကို ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက ပြန်လည် ဆွေးနွေးမေးခွန်းများ မေးမြန်းခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းနှင့်အတူ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခြင်း၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်ပြပွဲများကိုလည်း ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်