ဟိုပုံး ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဒုံမေးခိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိနားလည်လာစေပြီး "ရှောင်လေဝေးဝေး မူးယစ်ဆေး" ဟူသော ဆောင်ပုဒ်နှင့်အညီ လိုက်နာကျင့်သုံးတတ်စေရန်၊ စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရန်နှင့် အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သော အလေ့အထကောင်းများ ရရှိလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူး ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ဒုံမေးခိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသူများဖြစ်သည့် Grade-10 ကျောင်းသူ နန်းဖျော်လွန်က လူငယ်နှင့် စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ နန်းအေးသီက လူငယ်နှင့် ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ နန်းရွှေကြည်က လူငယ်နှင့် ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ နန်းဒေဝီနှင့် နန်းနန္ဒာအေးတို့က လူငယ်နှင့် ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်မေးခွန်းများ မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဝန်ထမ်းများ ခင်းကျင်းပပြသထားသည့် သုတ၊ ရသစာအုပ်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ စိတ်ဝင်တစားကြည့်ရှုခဲ့ကြပြီး (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)