ဒေါင်နေကျေးရွာ၌ မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းယု ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာလျော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်၊ ဒေါင်နေကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဟောပြောပွဲတွင် မီးခိုးမြူငွေ့ကင်းစင်ရေးအဖွဲ့ အဖွဲ့ဝင်(၈) အဖွဲ့ခေါင်းဆောင် မြို့အုပ်ချုပ်ရေးမှူးဦးလောထွေး၊ အဖွဲ့ဝင်များဖြစ်ကြသည့် နယ်မြေခံစခန်းမှူး ရဲအုပ်နိုင်နိုင်ဝင်း၊ မီးသတ်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးမှူးနှင့် ပညာရေးဌာနမှ တက်ရောက်ဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြောမှုတွင် ဒေသတွင်းတောင်ယာ၊ တောတောင်များတွင် တောမီးရှို့ခြင်းများမပြုလုပ်စေရေး၊ မီးခိုးမြူငွေ့ဖုံးလွှမ်းသည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ စိုက်ပျိုးရာသီဖြစ်သော်လည်း တောမီးများရှို့ရာတွင် မီးတားလမ်းများ ပြုလုပ်ထား၍ ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ဆောင်ရွက်နိုင်ရေး၊ ပေါ့ဆစွာလောင်ကျွမ်းမှု ဖြစ်ပေါ်ပါက ရရှိလာမည့် ပြစ်ဒဏ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းတို့ကို ဟောပြောခဲ့ရာ ဒေါင်နေပြည်သူတို့မှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်