မိုးညှင်း ဒီဇင်ဘာ ၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(နားခါ)၌ ဖြန့်ဝေပေးခဲ့သည်။
ထိုသတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၃ ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့၊ အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၇-၁၁-၂၀၂၂)ရက်နေ့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း (၂၀-၁-၁၉၄၆)ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၏အမည်များ၊ ကဗျာဆရာ ဘိုမျိုး(ရွှေဘို)ရေးသားသည့် အမျိုးသားနေ့ မမေ့အပ်ရာကဗျာနှင့် ပညာရေးမျှော်မှန်းချက် ဆောင်ပုဒ်များ စသည်တို့ပါရှိသည်။
အဆိုပါ လက်ကမ်းစာစောင်များကို ဖြန့်ဝေရာတွင် လူငယ်လူရွယ်များနှင့် ကျောင်းသား ကျောင်းသူများအား အမျိုးသားရေးစိတ်ဓာတ်အစဉ်အမြဲနိုးကြားစေရန်နှင့် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိရှိနိုင်စေရန်အတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းခွဲ(နားခါ)မှ ကျောင်းသား ကျောင်းသူများအား လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း