မြစ်ကြီးနား ဒီဇင်ဘာ ၅
၂၀၂၃ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ခရစ္စမတ်ပွဲတော် ကျင်းပနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
လုပ်ငန်းညှိနှိုင်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ခရစ္စမတ်ပွဲတော်သည် တစ်ကမ္ဘာလုံးတွင် ကျင်းပပြုလုပ်လေ့ရှိသည့် ပွဲတော်တစ်ခုဖြစ်ပါကြောင်း၊ ယခုနှစ် ခရစ္စမတ်ပွဲတော်ကို မိသားစုပွဲတော် တစ်ခုအဖြစ် ပျော်ရွှင်စွာ၊ ကြည်နူးနွေးထွေးစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအသီးသီး ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ရာ လုပ်ငန်းတာဝန်များကို အချင်းချင်း ပူးပေါင်းညှိနှိုင်းချိတ်ဆက်ပြီး ပျော်ပျော်ရွှင်ရွှင်ဖြင့် အောင်မြင်အောင် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်က ခရစ္စမတ်ပွဲတော် ကျင်းပနိုင်ရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှုအခြေအနေများကို ဖတ်ကြားရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ပွဲတော်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမည့်ကိစ္စရပ်များ၊ လိုအပ်ချက်များနှင့် ယခင်နှစ်ကျင်းပပြုလုပ်ခဲ့သည့် အားနည်းချက်၊ အားသာချက်များအပေါ် ပြုပြင်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုအပ်ချက်များအပေါ် သုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ခရစ္စမတ်ပွဲတော်ဖြစ်သည်နှင့်အညီ ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းဖြင့် မိသားစုပုံစံ နွေးထွေးပျော်ရွှင်စွာ ကျင်းပနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက် )