တာချီလိတ် ဒီဇင်ဘာ ၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ သက်တော်ရှည်နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၏ သက်တော် (၉၆)နှစ်ပြည့် ဝါတော် (၇၆) ဝိဇာတပူဇာမွေးနေ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်နိုင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင်ဦးကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။
ထို့နောက် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်အပေါင်းမှ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ကံဇာတာမြင့် ပရိတ်တရားတော်များနာယူကာ ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်ချအနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက် ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)