ကျိုင်းတုံ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို)ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့က ကျိုင်းတုံမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပသည်။
ဟောပြောပွဲတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ ကျိုင်းတုံမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကြည်မင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးလှမြင့်တို့က အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ၊ အမျိုးသားရေးတာဝန်များ၊ အမျိုးသားရေးစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နိုင်ငံနှင့်လူမျိုး၏ အနာဂတ်ကိုဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ကြရန် စသည့် အကြောင်းအရာများကို ဟောပြောပွဲတက်ရောက်လာသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပြီး (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ စာအုပ်စာစောင်ပြသခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) စာစီစာကုံးပြိုင်ပွဲ ကျင်းပရာ ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျိုင်းတုံမြို့နယ် စာရေးဆရာအသင်း တာဝန်ရှိသူများက ဂုဏ်ပြုဆုများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)