ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

ဒဂုံမြောက် ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ကျောင်းသား/ သူလေးများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ညိမ်းညိမ်းအိက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦးတို့၏ အမည်နှင့်ပညာအရည်အချင်းများ၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့်ပတ်သက်၍ ကျောင်းသား/ သူလေးများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေးဟောပြောခဲ့ကြပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/ သူလေးများမှ  (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ရှေးဟောင်းသမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ဂုဏ်ပြုကဗျာများနှင့် ဆောင်ပုဒ်များပါဝင်သော နံရံကပ်စာစောင်များ၊ သုတ/ရသ စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ