ရန်ကုန် ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်း သိရှိနားလည်ပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားလာစေရန်နှင့် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့်ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပသည်။
ဦးစွာ ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကိုလတ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိမ်းလဲ့လဲ့က အမျိုးသားအောင်ပွဲနေ့ကျင်းပရခြင်း၏ရည်ရွယ်ချက်၊ ကျောင်းသားလူငယ်များသည်နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များရှင်သန်ထက်မြက်လာရေး၊ နိုင်ငံတော်နှင့်အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းကာကွယ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်၏အရေးပါမှုစသည့် ဗဟုသုတဖြစ်ဖွယ်များနှင့်သိမှတ်ဖွယ်ရာများကို အသိပညာပေးဟောပြောကြားသည်။
ဆက်လက်၍ ဗဟန်းမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဦးကိုကိုလေး(ရန်ကင်းကိုကိုလေး)က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းနှင့် သိကောင်းစရာများကိုကျောင်းသားလူငယ်များအား ရှင်းလင်းဟောပြောသည်။
ယင်းနောက်ဒီဇင်ဘာ ၇ ရက်တွင်ကျရောက်မည့် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲများကိုဆက်လက်ပြုလုပ်ရာ၊ အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲအပြီးတွင် အခမ်းအနားတက်ရောက်လာကြသူများနှင့် ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေးသုတ၊ ရသစာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)