ကော့မှူး၌ ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ကော့မှူး ဒီဇင်ဘာ ၆

(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်နှင့် Book club အသင်းမှအဖွဲ့ဝင် ဒေါ်တင်သန်းတို့ကဟောပြောရာတွင် ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ကိုလိုနီနယ်ချဲ့လက်အောက်သို့ကျရောက်သွားခဲ့ရပြီးနောက် မြန်မာတစ်မျိုးသားလုံး၏ ခုံခံတော်လှန်မှုများ ဒေသအနှံ့အပြားတွင်ပေါ်ထွက်ခဲ့ရာ နယ်ချဲ့ဗြိတိသျှအစိုးရသည် စစ်စရိတ်ပမာဏကြီးမားစွာအသုံးပြုလျက် ဆယ်စုနှစ်နှင့်ချီ၍ ဆက်လက်တိုက်ခိုက်ခဲ့ရကြောင်း၊ ၁၉၀၀ ပြည့်လွန်နှစ်များတွင် မြန်မာအမျိုးသားများထုတ်ဝေသည့် သူရိယနှင့်မြန်မာ့အလင်းသတင်းစာတို့က ပြည်သူလူထုအတွင်းလွတ်လပ်ရေးအတွက် စည်းလုံးညီညွတ်ရေး စိတ်ဓာတ်နိုးကြားတက်ကြွသည်ထက် တက်ကြွလာအောင် လှုံ့ဆော်ရေးသားခဲ့ကြောင်း၊ ၁၉၂၀ ပြည့်နှစ် ရန်ကုန် တက္ကသိုလ်အက်ဥပဒေသည် ဗြိတိသျှနယ်ချဲ့တို့၏အကြိုက်ရေးဆွဲထားသည့် ဥပဒေဖြစ်ကြောင်း၊ နှစ်ပေါင်းကြာမြင့်စွာ မြန်မာလူမျိုးတို့ တောင်းဆိုခဲ့ကြသည့်တက္ကသိုလ်ပုံစံမျိုးမဟုတ်သည့်အတွက် ကန့်ကွက်မှုများနှင့်လိုလားချက်များကို ပြတ်ပြတ်သားသားတောင်းဆိုချက်များ ကျယ်ကျယ်လောင်လောင်ပေါ်ထွက်လာကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံး ကန့်ကွက်နေသည့်ကြားမှနယ်ချဲ့အစိုးရက တက္ကသိုလ်ဥပဒေကို အဓမ္မပြဋ္ဌာန်းခဲ့သည့်အတွက် ရန်ကုန်ကောလိပ်နှင့်ယုဒသန်ကောလိပ်တို့မှစတင်ကာ ရန်ကုန်မြို့ပေါ်ရှိ အထက်တန်းကျောင်းအသီးသီးမှ ကျောင်းသား/ကျောင်းသူများကပါ သပိတ်မှောက်ခဲ့ကြကြောင်းနှင့် ၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ အမျိုးသားရေးတာဝန်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏‌အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ်စာစောင်များပြသထားရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာလေ့လာနေကြကြောင်း သိရသည်။

ကျော်သူရ(ပြန်/ဆက်)