(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဟိုမိန်း ဒီဇင်ဘာ ၆

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လင်းခေးခရိုင်၊ ဟိုမိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အေးထက်ထက်ထွန်းက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ အမှတ်ပေးစည်းမျဉ်းနှင့် အမှတ်ပေးရခြင်းအကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်လေးများပေါ်ထွန်းလာစေရေး၊ အစုအဖွဲ့များနှင့် ပူးပေါင်းတတ်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရှင်းလင်းပြောကြားပြီးနောက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “အမျိုးသားနေ့ဒို့မမေ့” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမဒေါ်မျိုးအေးသိန်းနှင့် ပြန်/ဆက်ဦးစီးဌာနမှ ဒေါ်အေးထက်ထက်ထွန်းတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား / သူ(၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ထက်ထက်(ဟိုမိန်း)