ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပြည်နယ်စီမံကိန်းကော်မရှင်နှင့် ပြည်နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ၏ ပထမ (၆) လပတ်အကောင်အထည်ဖော်နိုင်မှု အစည်းအဝေးသို့ တက်ရောက်

ဟားခါး ဒီဇင်ဘာလ ၆

ချင်းပြည်နယ်စီမံကိန်းကော်မရှင်နှင့် ပြည်နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ၏ ပထမ (၆) လပတ် အကောင်အထည်ဖော်နိုင်မှုအစည်းအဝေးကို ဒီဇင်ဘာလ ၅ ရက် နံနက် ၁၀ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်စီမံကိန်း ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေဦးစွာ ပြည်နယ်စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်အနေဖြင့် ၂၀၂၃−၂၀၂၄ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်ဒေသန္တရစီမံကိန်းမှ ပြည်သူကို တိုက်ရိုက်အကျိုးပြုသည့် ကျေးလက်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးလုပ်ငန်း၊ ကျေးလက်လမ်း၊ နယ်စပ်လမ်း၊ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း၊ မြို့ပြလမ်း စသည့်လုပ်ငန်းများအတွက် ၆၆ ဒသမ ၅၂ ရာခိုင်နှုန်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေအတွက် ၁၂ ဒသမ ၈၆ ရာခိုင်နှုန်း၊ မြို့ပြနှင့် ကျေးလက်မီး ရရှိရေးအတွက် ၆ ဒသမ ၉၅ ရာခိုင်နှုန်းအသုံးပြုလျက်ရှိကြောင်း၊ လာမည့် ၂၀၂၄−၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင်လည်း ပြည်သူကို တိုက်ရိုက်အကျိုးပြုမည့်လုပ်ငန်းများကို ပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် အစည်းအဝေးတွင် ၂၀၂၃−၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေ၊ ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ပထမ ( ၆ ) လပတ် စက်တင်ဘာလကုန်ထိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အစည်းအဝေးတက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် တင်ပြရမည်ဖြစ်ကြောင်း၊ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများကို ကျန်ရှိသည့် ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီများအား အနီးကပ်ကြီးကြပ် တွန်းအားပေး၍ အားသွန်ခွန်စိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အခြေအနေအကြောင်းကြောင်းကြောင့် ဆောင်ရွက်ရန်မဖြစ်နိုင်သည့် လုပ်ငန်းများရှိပါက ညွှန်ကြားချက်များနှင့်အညီ အချိန်မီပြန်လည်အပ်နှံနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ၂၀၂၃−၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ ( ၆ ) လပတ်အထိ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေကို စိစစ်ရာတွင် လုပ်ငန်းအားလုံး၏ ၄၀ ရာခိုင်နှုန်းခန့်သာ ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများကို မကြာခဏပိတ်ပင်ခံရခြင်းနှင့် လုံခြုံရေးကန့်သတ်ချက်များကြောင့် မျှော်မှန်းထားသည်ထက် အကောင်အထည်ဖော်နိုင်မှု နည်းပါးရခြင်းဖြစ်ကြောင်း၊ ကျန်ရှိသည့် သုံးလကျော်သာကာလအတွင်းမှာ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများက မြို့နယ်များကို ဆက်လက်ကြီးကြပ်ဆောင်ရွက်ရန်လိုကြောင်းနှင့် ပိုလျှံရန်ပုံငွေ (GRF) ဖြင့် မမျှော်မှန်းနိုင်သည့် သဘာဝဘေးများကြောင့် ပျက်စီးဆုံးရှုံးသည့်လုပ်ငန်းကို ဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်စီမံကိန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်နှင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဇင်ဦးတို့က ချင်းပြည်နယ်စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီ၏ မျှော်မှန်းချက်၊ မူဝါဒနှင့် ရည်မှန်းချက်များကိုလည်းကောင်း၊ အစည်းအဝေး တက်ရောက်လာကြသည့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးဦးစီးဌာန၊ အမှတ်(၃)ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးရေးလုပ်ငန်း၊ လမ်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ပညာရေးမှူးရုံး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတို့မှ တာဝန်ရှိသူ များက ၂၀၂၃−၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ (၆) လပတ်အထိ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေ၊ ဆောင်ရွက်ရန်ကျန်နှင့် ဆောင်လက်ဆောင်ရွက်မည့်အစီအမံများကို Power Point ဖြင့် လုပ်ငန်းအလိုက် အသေးစိတ် ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးစိုးလွင်မိုး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)