သုံးခွမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများကျင်းပ

သုံးခွ ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ကျောင်းသား/သူလေးများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို    သိရှိနားလည်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဒေါ်တင်တင်ထွေးက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များနှင့်ပတ်သက်၍ ကျောင်းသား/သူလေးများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးမြရွှေက ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော   ကျောင်းသားကြီး(၁၁)ဦးတို့၏အကြောင်းနှင့် နေ့ထူးနေ့မြတ်များအကြောင်းကိုလဲ သိရှိမှတ်သားထားစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲနှင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အလယ်တန်းအဆင့်‌ကျောင်းသား/သူ(၃၀)ဦး ပါဝင်ယှဉ်ပြိုင်ကြရာ အကောင်းဆုံးဖြေဆိုနိုင်သူ ကျောင်းသား/သူလေးများအား ဆုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ရုံးမှ ပြသထားသော (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ ဆောင်းပါးများ၊ ဂုဏ်ပြုကဗျာများ၊ လက်ကမ်းစာစောင်များ၊ ဗဟုသုတရရှိမည့် နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များအား ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်