ပင်းတယ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ကျုံးမွေတော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ကျုံးကျေးရွာအုပ်စု၊ ကျုံးကျေးရွာရှိ ကျုံးက္ကူမွေတော်ဘုန်းကြီးကျောင်း၌ ယမန်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုဒ္ဓပူဇနိယဘုရားပွဲတော်အား ရှေးဟောင်းသမိုင်းဝင်မှတ်တမ်းများအရ ကျုံးကက္ကူမွေတော်ဘုန်းတော်ကြီးကျောင်း၌ သာသနာနှစ် ၁၀၃ခုနှစ်၌ ဗိသုကာပညာရှင်များက စတင်ထုဆစ်၍ သာသနာနှစ် ၁၀၆ ခုနှစ်တွင် ဗုဒ္ဓအနေကဇာတင် ပူဇော်ထားရှိသော နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓမြတ်စွာဘုရားရှင်များအား ရည်စူး၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါပွဲတော်တွင် မွေတော်ကက္ကူကျောင်းတိုက်၌ သီတင်းသုံးတော်မူသော ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တစန္ဒိမာကနှင့် သံဃာတော်များ၊ ကျုံးကျေးရွာအုပ်စုအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များနှင့် နီးစပ်ရာဘုန်းတော်ကြီး ကျောင်းများမှ စုစုပေါင်းသံဃာတော် (၃၇၅)ပါးအား ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ ပလောင်၊ ရှမ်းအစရှိသော ဒေသခံတိုင်းရင်းသားများနှင့် ရပ်နီးရပ်ဝေးမှ ဗုဒ္ဓဘာသာဝင်ပြည်သူများက ကောက်ဦးစပါးနှံ ဆန်စပါးများကို လောင်းလှူကြပြီး ရှေးဟောင်းကျုံးမွေတော်ဘုရားကြီးအား ရွှေသင်္ကန်းများ ကပ်လှူနိုင်ရန် အလှူငွေများ ထည့်ဝင်လှူဒါန်းကြခြင်းတို့ဖြင့် ကုသိုလ်ရယူကြကာ ဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ဒေသပြန်/ဆက်)