ဗိုလ်တထောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ဗိုလ်တထောင် ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြီး မြို့နယ်ပညာရေးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းသား/ သူများ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် ကာယ/ ဉာဏစွမ်းရည်များ မြင့်မားလာစေရန်အတွက် ရည်ရွယ်ပြီး(၁၀၃)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ဗိုလ်တထောင်မြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း သစ္စာခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် ပထမဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က အမျိုးသားအောင်ပွဲနေ့ဆိုသည်မှာ ခေါင်းစဥ်ဖြင့်ဟောပြောခြင်း၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးက တိုင်းရင်းဆေးပညာသိကောင်းစရာအကြောင်း ဟောပြောခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ပြီး လူငယ်အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/ သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုနံရံကပ်စာစောင်၊ စာအုပ်ပြပွဲအား တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှူ့အားပေးခဲ့ကြကြောင်း သိရှိရသည်။

ခင်ဝင်း (ပြန်/ဆက်)