ရမည်းသင်း ဒီဇင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ရမည်းသင်းမြို့၊ ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်တွင်(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ကျောင်းသား/ကျောင်းသူများအား (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးမြင့်ဇော်ဦးက လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာများကို ရှင်းလင်းဟောပြောခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနံရံကပ် စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာ ပေးနံရံကပ်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေး နံရံကပ်စာစောင်များနှင့်သုတ၊ ရသစာအုပ်မျိုးစုံတို့ကိုပြသရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင် စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသည့်(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရမည်းသင်းခရိုင် ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်