မောက်မယ်မြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု(GBV) အသိပညာပေးသင်တန်း ဖွင့်လှစ်

မောက်မယ် ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု Gender Based Violence(GBV) အသိပညာပေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)  နှင်းဆီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်ချိုချိုလွင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍  အသိပညာပေးဆွေးနွေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အမျိုးသမီးများစွမ်းဆောင်ရည်မြင့်မားလာစေရေး၊ အခွင့်အရေးရပိုင်ခွင့်များကို အပြည့်အဝခံစားရရှိစေနိုင်စေရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု Gender Based Violence(GBV)  အသိပညာပေးလုပ်ငန်းစနစ်များအကြောင်းကို  ပရိုဂျက်တာဖြင့် ကဏ္ဍအလိုက် အကျယ်တဝင့် သင်တန်းပေးဆွေးနွေးခဲ့ပြီး သင်တန်းသားများအား ကျား၊ မအခြေပြု အကြမ်းဖက်မှုလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ 

အဆိုပါဆွေးနွေးခြင်းကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ပြီး နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)