မိုင်းကိုင်မြို့နယ်၌ အမျိုးသမီးများ‌အပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာအကြိုလှုပ်ရှားမှု ကျား၊ မအခြေပြုအကြမ်းဖက်မှု (GBV) အသိပညာပေး သင်တန်း ကျင်းပ

မိုင်းကိုင် ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများ‌အပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာအကြိုလှုပ်ရှားမှု ကျား၊မအခြေပြုအကြမ်းဖက်မှု (GBV) အသိပညာပေး သင်တန်းကို ယမန်နေ့နံနက် ၉နာရီအချိန်က ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community center) ခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်ဇာခြည်ဖြိုးက အကြမ်းဖက်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ အကြမ်းဖက်မှု အဓိပ္ပာယ်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ဝေသော ကျား၊ မအခြေပြုအကြမ်းဖက်မှု(GBV) အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထက်က ကျား၊ မအခြေပြု အကြမ်းဖက်မှုနှင့်ပတ်သက်သည့် “ဥပဒေရေးရာသိကောင်းစရာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန လူမှုဝန်ထမ်း(၃)‌ဒေါ်မျိုးသရဖီဇော်က (GBV) “လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နန်းလှိုင်လှိုင်ဦးက “အမျိုးသမီးတစ်ယောက် ထူးချွန်ထက်မြက်စွာလှပနေဖို့” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပို့ချပေးခဲ့ကြပြီး သင်တန်းသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရသည်။       

နန်းအေးအေးသိန်း