ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများစပါးစိုက်ပျိုးရာတွင် လုပ်အားကုန်ကျမှုစရိတ်များနှင့် မျိုးစေ့နှုန်းထားကုန်ကျမှုစရိတ်များ သက်သာစေရန်အတွက် ယမန်နေ့မွန်းလွဲပိုင်းက မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသပေးခြင်းနှင့် တောင်သူအသိပညာပေးခြင်းလုပ်ငန်းကို တံတားဦးကျေးရွာတွင်ကျင်းပပြုလုပ်သည်။
မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစောဝင်းကိုနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးအောင်မြတ်ကျော်တို့က စပါးမျိုးစေ့ချကိရိယာစီဒါ (Seeder)အသုံးပြုရခြင်း၏ အကျိုးကျေးဇူးများနှင့် အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရေးအကြောင်းတို့ကို တက်ရောက်လာကြသည့် ဒေသခံတောင်သူများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့်တာဝန်ရှိသူများက မျိုးစေ့ချကိရိယာ(Seeder)များကို ဒေသခံတောင်သူများအား ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက ဒေသခံတောင်သူများအား မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးကိုလက်တွေ့စိုက်ပျိုးပြသပေးခဲ့ကြပြီး မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများတက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)