ပြင်ဦးလွင်မြို့တွင်  လူငယ်စကားဝိုင်း ကျင်းပ 

ပြင်ဦးလွင်  ဒီဇင်ဘာ  ၆

မန္တလေတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို  ယမန်နေ့နံနက်  ၉ နာရီခွဲအချိန်က အမှတ် (၃)၊ အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊  စာရေးဆရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်အား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါ   လူငယ်စကားဝိုင်းတွင် ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့်စာပေ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့် ဆိုရှယ်မီဒီယာ စသည့် ကဏ္ဍများအလိုက်  အသီးသီးပြောကြားချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ်ရှင်းလင်း ပြန်လည်ပြောကြားခဲ့၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်မှ လူငယ်စကားဝိုင်းတွင် ပါဝင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များအား  ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား  ကြည့်ရှုမှတ်သားလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)