လားရှိုး ဒီဇင်ဘာ ၆
လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် လားရှိုးယူနန်ဘုံကျောင်းအဖွဲ့မှ စားရိက္ခာများကို ဒီဇင်ဘာ ၄ ရက်နေ့က လှူဒါန်းခဲ့ကြကြောင်း သိရသည်။
လားရှိုး ယူနန်ဘုံကျောင်းအဖွဲ့သည် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ ပန်အုပ်ကျောင်းတိုက်နှင့် ကက်သလစ်ဘုရားကျောင်းတို့ရှိ ယာယီနေရပ်စွန့်ခွာသူများအတွက် ခေါက်ဆွဲခြောက်၊ မုန့်ခြောက်နှင့် အချိုရည်များကို သိန်း(၈၀)ကျပ်ဖိုး လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
“လားရှိုးမြို့မှာရောက်နေတဲ့ ယာယီနေရပ်စွန့်ခွာသူတွေအတွက် လိုအပ်တဲ့စားရိက္ခာတွေကို လှူဒါန်းပေးခဲ့တယ်။ နေရာသုံးနေရာမှာ သွားလှူဒါန်းတာဖြစ်ပါတယ်။ နောက်ထပ်လည်း ကျန်တဲ့နေရာတွေကို သွားရောက်လှူဒါန်းပေးဦးမှာဖြစ်ပါတယ်။”ဟု လားရှိုးမြို့ ယူနန်ဘုံကျောင်းအဖွဲ့မှ ဦးသောင်းဟန်က ပြောသည်။
လားရှိုးမြို့တွင် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ ကန်မိန်းပရိယတ္တိစာသင်တိုက်ကျောင်း၊ ဟိုပိတ်ဘုန်းကြီးကျောင်း၊ မန်အိုင်ဘုန်းကြီးကျောင်း၊ ဗောဓါရုံကျောင်းတိုက်၊ တပ်ဦးကျောင်းတိုက်၊ ရွှေပြည်အေးဓမ္မရိပ်သာ၊ ရွှေကျောက်ဂူကျောင်းတိုက်၊ ပန်အုပ်ကျောင်းတိုက်၊ ကက်သလစ်ဘုရားကျောင်း၊ စိန်ဂျွမ်းမေရီဗီယားဘုရားကျောင်း၊ လားဟူလူငယ်ရိပ်သာ၊ ဧဒင်ခရစ်ယာန်ကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းအပါအဝင် ယာယီတိုက်ပွဲရှောင်စခန်း (၂၀)ကျော်ခန့်ထိရှိနေကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)