နမ့်စန်(တ) ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လူရည်ချွန် ကျောင်းသား ကျောင်းသူများ ရွေးချယ်ရေးအတွက် မြန်မာစာဘာသာရပ်ဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(နမ့်စန်)စာစစ်ဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများ မြန်မာစာဘာသာရပ် ဖြေဆိုယှဉ်ပြိုင်နေမှုကို မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
လူရည်ချွန်ရွေးချယ်ရေး မြန်မာစာဘာသာရပ်ကို မြို့နယ်အတွင်းရှိ အ.ထ.က၊ အ.ထ.က(ခွဲ)၊ အလက(ခွဲ)နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများရှိ Grade-9 ၊ Grade -10 ၊ Grade - 11 နှင့် Grade-12တို့မှ ကျောင်းသားကျောင်းသူ စုစုပေါင်း(၄၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူရည်ချွန်ရွေးချယ်ရေး အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုခြင်းကို ယနေ့ နေ့လည်ပိုင်းတွင်လည်းကောင်း၊ သင်္ချာဘာသာရပ်၊ အထွေထွေဗဟုသုတဖြေဆိုခြင်းနှင့် နှုတ်ဖြေစာမေးပွဲတို့ကို ဒီဇင်ဘာလ ၆ ရက်နေ့တွင်လည်းကောင်း၊ ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်းကို ဒီဇင်ဘာလ ၈ ရက်နေ့တွင်လည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သူရအောင်(နမ့်စန်)