ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၂)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

ဗိုလ်တထောင် ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကြီးမှူးကျင်းပ၍ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ (၂၂)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုသောအားဖြင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ဗိုလ်တထောင်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း သစ္စာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးက “မြန်မာနိုင်ငံယဥ်ကျေးမှုနှင့် အမွေအနှစ်များ၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်သည့် တိုင်းရင်းဆေးပညာရပ်ကို အနာဂတ်မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပြီး လူ့အဖွဲ့အစည်း၏ ပြောင်းလဲနေသောလိုအပ်ချက်များနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ပေးနိုင်ရန်”  ရည်ရွယ်၍ တိုင်းရင်းဆေးပညာမိတ်ဆက်နှင့် ဆောင်းရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်းကို ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲအကြို လူငယ်အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ဗိုလ်တထောင်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်ရင်းဆေးမှူး ဒေါ်အေးချမ်းမိုးက ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းထံသို့ တိုင်းရင်းဆေးများပေးအပ်လှူဒါန်းခြင်း၊ ကျောင်းသား/ ကျောင်းသူများအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဝင်း (ပြန်/ဆက်)