လယ်ဝေး ဒီဇင်ဘာ ၅
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အောင်းကုန်းရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း အခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်သွယ်သွယ်ဦးက အမှာစကားပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က စေ့စပ်ညှိနှိုင်းရေးမှူး (Moderator)အဖြစ် ဆောင်ရွက်ပြီး Grade-11 မှကျောင်းသား၊ ကျောင်းသူလေးများဖြစ်သည့် မသွယ်သွယ်ဖြိုးက “လူငယ်နှင့်စာဖတ်ခြင်း”၊ မရတနာက “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”၊ မောင်ဇွဲမာန်အောင်က “လူငယ်နှင့်ကျန်းမာရေး”၊ မောင်အာကာဖြိုးက “လူငယ်နှင့်ယဉ်ကျေးမှု” စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဖြေကြားပေးခဲ့သည်။
ဆက်လက်၍ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ဆိုင်ရာ အသိပညာပေး စာအုပ်ပြပွဲများအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
နေရည်(ပြန်/ဆက်)