တာမွေမြို့နယ်ရုံး Community Centre တွင် (၁၀၃)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

တာမွေ ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/ သူလေးများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်၍ ယနေ့နေ့လယ်(၂)နာရီအချိန်က တာမွေမြို့နယ်ရုံး Community Centre ခန်းမ၌ (၁၀၃)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် တာမွေမြို့နယ် အမှတ်(၄)အခြေခံပညာအထက်ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်သော်သော်မင်းနိုင်က (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီးများ၏ သမိုင်းကြောင်းမှတ်တမ်းများ၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် ပတ်သက်၍ ကျောင်းသား/ သူလေးများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသေးစိတ်အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြောင်းနှင့် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအနေဖြင့်လည်း (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲများ၊ စာစီစာကုံး/ ကဗျာ/ ပန်းချီ စသည့်ပြိုင်ပွဲများကိုလည်း ကျင်းပပေးလျက်ရှိပါကြောင်း ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ သူလေးများက ခန်းမအတွင်းပြသထားသော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ရှေးဟောင်းသမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ဂုဏ်ပြုကဗျာများနှင့် ဆောင်ပုဒ်များပါဝင်သော နံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။

ထက်အောင်လင်း (ပြန်/ဆက်)