မိတ္ထီလာမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပုံပြင်ပြောင်ပြိုင်ပွဲတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ ကိုသစ္စာ (ထီလာ)က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အမှတ်ပေးစည်းမျဉ်း/စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများက အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့်ပုံပြင်များဖြင့် ယှဉ်ပြိုင်ခဲ့ကြရာ ၎င်းပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာများနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ ကျင်းပခဲ့ရာ ၎င်းပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် အလယ်တန်း ကျောင်းများမှ ကျောင်းသား/သူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)