နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ရွှေမြို့တိုးချဲ့မွေးမြူရေးဇုန်၌ ရေပေးဝေရေး လျှိုပိတ်တမံ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ဆောင်ရွက်ပြီးစီးပါက နွေစပါးရေပေးဝေနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများဆောင်ရွက်ရာတွင် စံချိန်စံညွှန်းပြည့်မီစေရေး၊ ကြံ့ခိုင်မှုရှိစေရေးတို့ကို အလေးထား ဆောင်ရွက်စေလိုကြောင်းမှာကြားပြီး မွေးမြူရေးတိုးချဲ့ဇုန်အတွင်း ဥစားဘဲ၊ အသားစားဘဲ မွေးမြူရေးခြံ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဥစားဘဲများ အပြင် ဥစားကြက်များ တိုးချဲမွေးမြူနိုင်ရေးကိုမှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာအုပ်စု၊ နွယ်ရစ်ကျေးရွာတွင် အကျယ် (၁၂) ပေ၊ အနက်ပေ (၄၀) ရှိ ရေစုတွင်းကျယ်မှ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံရာ တာဝန် ရှိသူများက ဆည်ရေသောက်စနစ်နှင့် စက်ရေတွင်းများ၏ ရေသောက်ဧရိယာများ၊ ရေစုတွင်းကျယ် ရေသောက်ဧရိယာများ၊ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စိုက်ပျိုးရေများ စနစ်တကျသုံးစွဲစေရေး၊ သီးနှံများကို တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းတိုးသည့် မျိုးကောင်းမျိုးသန့်သီးနှံများ စိုက်ပျိုးနိုင်ရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

အဆိုပါ ရေစုတွင်းကျယ်မှ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေများပေးဝေမှုကြောင့် အနီးဝန်းကျင်ရှိ လယ်ယာမြေများတွင် စပါးအပါအဝင် ရာသီသီးနှံများဖြစ်သည့် ပြောင်း၊ မြေပဲ၊ ခရမ်း၊ ငရုတ်၊ ပန်းဂေါ်ဖီ (ပန်းမုံလာ) များကို စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ဆင်သေဆည်ရေသောက်စနစ် ဂွေးပင်စံပြကျေးရွာ စနစ်တကျလယ်ယာမြေ (၇၇) ဒသမ (၈၈) ဧက သို့ရောက်ရှိပြီး တောင်သူများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက စိုက်ပျိုးသီးနှံများနှင့်ပတ်သက်၍ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့်ဆီများကို ဖူလုံအောင်နှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဆီထွက်သီးနှံများနှင့် စပါးများကို အဓိကထား စိုက်ပျိုးစေလိုကြောင်း၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကိုရွေးချယ်၍ စိုက်ပျိုးကြရမှာဖြစ်ကြောင်း၊ သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိပြီး ယခုထက်ပို၍ တိုးတက်စေရေးကို အလေးထားဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)