နေပြည်တော် ဒီဇင်ဘာ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူးနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် “ကျေးလက်နေပြည်သူများ၏ စာတတ်မြောက်မှုမှာ နည်းပါးပြီး မြို့ပေါ်နေပြည်သူများ၏ စာတတ်မြောက်မှုမှာ ပိုမိုများပြားသည်ကို တွေ့ရပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ ပညာရေးမြှင့်တင်မှု၊ စာတတ်မြောက်မှုများကို ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ပညာတတ်မြောက်မှသာလျှင် ဘဝရပ်တည်ရေးကို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း စာတတ်မြောက်ရေးလုပ်ငန်းစဉ်နှင့် စဉ်ဆက်ပညာရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ရန်အတွက် လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများက ပေါင်းစပ်ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ စာတတ်မြောက်ရေးလုပ်ငန်းစဉ်များကို အပြည့်အဝအောင်မြင်ပြီးမြောက်အောင် အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက နေပြည်တော်အတွင်း အခြေခံစာတတ်မြောက်ရေး ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)