ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက် မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်

မြစ်ကြီးနား ဒီဇင်ဘာ ၅

ကချင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေး အတွက် ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ပညာရေးမှူးနှင့် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်/ မြို့နယ် ပညာရေးဝန်ထမ်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ထိုသို့ လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်၏ ပညာရေးကဏ္ဍ မြင့်တင်ရေးနှင့် အောင်ချက်မြင့်မားရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှ စတင်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ တစ်နိုင်ငံလုံးတွင် ဒုတိယအဆင့် ရရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုပညာသင်နှစ်တွင် ပိုမိုတိုးတက်အောင်မြင်ရေး ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ပညာရေးမြင့်တင်မှုဦးစီးကော်မတီနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းထားပြီးဖြစ်ရာ လုပ်ငန်းတာဝန်များကို အလေးထားဆောင်ရွက်သွားရေး၊ ကျောင်းသား မိဘများ ပူးပေါင်းပါဝင်လာရေးလည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် လိုအပ်ချက်များအပေါ် အားလုံးက ဝိုင်းဝန်းကြိုးပမ်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုက အောင်ချက်မြင့်မားရေးအတွက် ကြိုတင် ပြင်ဆောင်ရွက်ထားရှိမှုများနှင့် အလေးထားလိုက်နာ၍ အကောင်အထည်ဖော်ဆောင်ရွက် သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ထွေးက တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေးအတွက် ပညာရေးမြင့်တင်မှုကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေများ၊ ဆောင်ရွက်သွားမည့် Work Plan များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများက မြေပြင်တွင် တွေ့ကြုံရသည့် အခြေအနေများနှင့် လိုအပ်ချက်များ ကို ဖြည့်စွက်သုံးသပ်ဆွေးနွေးတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အကြိုစာမေးပွဲများ ဖြေဆိုလေ့ကျင့်ခြင်း မှရလာဒ်များအား စဉ်ဆက်မပြတ်သုံးသပ်၍ စိတ်ဓာတ်မြင့်မားလာရေးအတွက် လည်းကောင်း၊ သုံးသပ်ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ စခန်းသွင်းလေ့ကျင့်ခြင်းဖြင့် လည်းကောင်း ကြိုးစား ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ဒီဇင်ဘာ ၅ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ကမ်းနားလမ်း စည်ပင်သာယာဆိပ်မှ ဧရာဝတီမြစ်ကမ်းဘေး We Love Myitkyina ဆိုင်းဘုတ်အနီးထိ မြစ်ကမ်းပါးတစ်လျှောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း၊ အမှုထမ်းများနှင့်အတူ သန့်ရှင်းသာယာလှပရေး၊ အမှိုက်များ ကင်းစင်ရေးအတွက် ပလပ်စတစ်အမှိုက်ကောက်ယူခြင်း၊ ခြုံနွယ်များကို ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကားကွင်း အတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနက ဦးဆောင်ကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့ တာဝန်ရှိသူများနှင့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့အခမ်းအနားသည် ကျား-မဖြစ်ခြင်းကို အခြေခံ၍ ဖြစ်ပေါ်လာသော အကြမ်းဖက်မှုကို လူ့အခွင့်အရေးချိုးဖောက်သော ကိစ္စရပ်များအဖြစ် အသိအမြင် တိုးလာစေရေး၊ အမျိုးသမီးများအား အကြမ်းဖက်မှုလျှော့ချရေးလုပ်ငန်းများ ပိုမိုရှင်းလင်းမြင် သာလာစေရန် ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အမျိုးသမီးများအား ကာကွယ်စောင့်ရှောက် ပေးရေးအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးဆိုင်ရာ ဥပဒေကို ပြဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကျား-မအခြေပြုအကြမ်းဖက်ခြင်းနှင့် အခြားအကြမ်းဖက်မှုမျိုးစုံရပ်တန့်စေရေးအတွက် အမျိုးသမီးများအပေါ် လေးစားတန်ဖိုးထားပြီး မိမိ တို့အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်က အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအစီအစဉ် ပေါ်ပေါက်လာပုံအား ရှင်းလင်းတင်ပြပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် Video Clip ဖွင့်လှစ်ပြသမှုကို တက်ရောက်လာသူများက ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ သံလွင်ပင် ပရဟိတဂေဟာ၊ မေတ္တာရင်ခွင်ပရဟိတဂေဟာ၊ ECCD သင်တန်းသူ များ၊ ချမ်းမြေ့ပရဟိတဂေဟာတို့မှ ကလေးများက တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က တေးသရုပ်ဖော် အကအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်