သာစည် ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ထက်/လယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးဇော်မင်းထွေးက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ပြိုင်ပွဲကိုကျင်းပရာ အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းများနှင့် အမှတ် (၂)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မီးရထားတို့မှ ထက်/လယ်အဆင့် ကျောင်းသား/သူများက အလယ်တန်းအဆင့်တွင် အမျိုးသားအမွေ ထိန်းသိမ်းစို့လေ၊ အမျိုးသားအောင်ပန်းလက်ဆင့်ကမ်း၊ သွေးချင်းတို့၏ မြန်မာပြည် ခေါင်းစဉ်သုံးမျိုးဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်တွင် အမျိုးသားစိတ်ဓာတ်၊ အမျိုးသားနေ့နှင့်လူငယ်တို့၏တာဝန်၊ မြန်မာ့အောင်ပွဲ ခေါင်းစဉ်သုံးမျိုးတို့ဖြင့်လည်းကောင်း ယှဉ်ပြိုင်ရမည့်အမှတ်စဉ်နှင့် ခေါင်းစဉ်တို့ကို မဲနှိုက်ကြပြီး ကျရာခေါင်းစဉ်ဖြင့်ယှဉ်ပြိုင်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့ နယ်ပညာရေးမှူးဦးတင့်ဘော်တို့က ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲများမှ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ် ကြောင်း သိရသည်။
ထို့နောက် ဆရာမများနှင့်ကျောင်းသား/သူများက (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသော အသိ ပညာပေးနံရံကပ်စာစောင်များနှင့် ဓာတ်ပုံများ၊ သုတရသစာအုပ်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)