နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော် MSME အေဂျင်စီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ UMFCCI (နေပြည်တော်ရုံးခွဲ)၊ နေပြည်တော် NCCI အသင်း၊ နေပြည်တော် MSMEs အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆန်ကုန်သည်များအသင်းနှင့် ဆီကုန်သည်များအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင်  ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်များရရှိစေရန်တို့ကို အခြေခံပြီး MSMEလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊  ကုန်ကြမ်းများဖြစ်သည့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်တွင်းကုန်ကြမ်းများကို အသုံးပြုပြီး သွင်းကုန်အစားထိုး ကုန်ပစ္စည်းများထုတ်လုပ်ခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်ပပို့ကုန်များအဖြစ် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေးကို အားလုံးက အလေးထား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများကို အချိတ်ဆက်မိမိဖြင့် လုပ်ငန်းများလည်ပတ်နိုင်းရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များက ဝိုင်းဝန်းပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက်  နေပြည်တော် MSME အေဂျင်စီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ UMFCCI (နေပြည်တော်ရုံးခွဲ)၊  နေပြည်တော် NCCI အသင်း၊ နေပြည်တော် MSMEs အသင်း၊ ဆန်ကုန်သည်များအသင်းနှင့် ဆီကုန်သည်များ အသင်းများမှ တာဝန်ရှိသူများက SEZs ဆိုင်ရာကိစ္စရပ်များ စက်မှုကုန်ထုတ်လုပ်မှုဆိုင်ရာကိစ္စရပ်များ၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စက်မှုလုပ်ငန်းများ၊ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊  MSME ပြပွဲများခင်းကျင်းပြသနိုင်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တင်ပြချက်များနှင့်ပတ်သက်၍ လုပ်ငန်းများ အောင်မြင်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)