ဝိုင်းမော် ဒီဇင်ဘာ ၅
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပညာရေးမှူးရုံးမှကြီးမှူး၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ်၊ရပ်ကွက်(၂)ရှိ မြို့နယ်ပညာရေးမှူးရုံးအတွင်း အောင်မင်္ဂလာခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့်ကျောင်းသား/သူများက “အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်”ခေါင်းစဉ်ဖြင့် အခြေခံပညာအလယ်တန်းဆင့်၌ ကျောင်းသား(၅)ဦး၊ ကျောင်းသူ(၂၁)ဦး၊ အခြေခံပညာအထက်တန်းအဆင့်တွင် ကျောင်းသား (၃)ဦး ကျောင်းသူ (၁၄)ဦး၊ စုစုပေါင်း(၃၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကာ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသန်းအောင်နှင့် တာဝန်ရှိသူများက ကြီးကြပ်စစ်မေးခဲ့ကြသည်။
(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့ခေတ်ကျောင်းသား/သူများ အမျိုးသားရေးစိတ်ဓာတ်များကိန်းအောင်း၍ အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားလာစေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်ကာ ဆုရကျောင်းသား/သူများအား မြို့နယ်အဆင့်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဖြူစင်